Meghan Markle ရဲ့ ပထမအိမ်ထောင် မင်္ဂလာဝတ်စုံနဲ့ တော်ဝင်မင်္ဂလာဝတ်စုံတို့ကြားက ကွာခြားချက်

May 21, 2018

မကြာခင်ကမှ ပူပူနွေးနွေးလက်ထပ်ခဲ့တဲ့ ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ အမေရိကန် မော်ဒယ်လ်နဲ့ရုပ်ရှင်သရုပ်ဆောင် Meghan Markle တို့ဟာ ဒီလရဲ့ လူစိတ်ဝင်စားအခံရဆုံး စုံတွဲပါ။ အထူးသဖြင့် ကွာရှင်းထားသူဖြစ်၊ တပြည်သူ အမေရိကန်အမျိုးသမီးဖြစ်တဲ့အပြင် လူမဲကပြား Meghan ကို တော်ဝင်မင်းသမီးမဖြစ်ထိုက်ဘူးလို့ ကန့်ကွက်နေကြသူလည်းအများပါ။

ဝေဖန်ကန့်ကွက်ကြစေကာမူ သတို့သမီး Meghan ဝတ်ဆင်မယ့် မင်္ဂလာဝတ်စုံကိုတော့ စိတ်ဝင်စားကြပါတယ်။ ဒါ့အပြင် ယခင်အိမ်ထောင်နဲ့လက်ထပ်စဉ်က ဘယ်လိုဝတ်စုံဝတ်ဆင်ခဲ့တယ်ဆိုတာ စိတ်ဝင်စားပြီး လက်ရှိတော်ဝင်မင်္ဂလာဝတ်စုံနဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်ကြပါတယ်။ ယခင်နဲ့ယခု ကွာခြားမှုအကြောင်းပြောရမယ်ဆိုရင်တော့ မင်္ဂလာပွဲကျင်းပပုံကအစ ကွဲပြားပါတယ်။ ပထမအိမ်ထောင် အမေရိကန်လူမျိုးထုတ်လုပ်သူ နဲ့ လက်ထပ်ခဲ့စဉ်က ကမ်းခြေမှာ အသိမိတ်ဆွေ ၁ဝဝခန့်ကို ဖိတ်ကြားကာ ညနေပိုင်းပွဲအဖြစ် ခေတ်ဆန်ဆန်မင်္ဂလာဆောင်ခဲ့ကြတာပါ။

အဲ့ဒီပွဲမှာ Meghan ဝတ်စားထားပုံက ခေတ်အမြင်နဲ့ကြည့်ရင် ရိုးရှင်းတယ်လို့ဆိုလို့ရပေမယ့် လက်ရှိမင်္ဂလာဝတ်စုံနဲ့ အကွာကြီးကွာခြားလှပါတယ်။ အဖြူရောင်ဂါဝန်ရှည် ကပ်ကပ်လေးကိုဝတ်ဆင်ခဲ့ကာ ဂါဝန်ရဲ့ ဒီဇိုင်းကတော့ ရင်ညွန့်ထက်မှာ ဗလာကျင်းပြီး ရင်နှစ်မွှာကြားမှာ ဗွီပုံသဏ္ဍန်အဟလေးပြုလုပ်ထားပါတယ်။ ခါးမှာတော့ လင်းလက်တဲ့ကျောက်လေးတွေစီခြယ်ထားနဲ့ ခါးပတ်နဲ့ ဆင်ယင်ထားတဲ့ မင်္ဂလာဝတ်စုံက ခေတ်ဆန်ပြီး ကျော့ရှင်းပါတယ်။ လည်တိုင်မှာ လည်ဆွဲမျှင်မျှင်လေးသာ ဆင်ယင်ထားတဲ့ Meghan ဟာ အဲ့ဒီတုန်းကလည်း လှပတင့်တယ်ခဲ့ပါတယ်။

ဒုတိယမင်္ဂလာပွဲဖြစ်တဲ့ Harry မင်းသားနဲ့ တော်ဝင်လက်ထပ်မင်္ဂလာပွဲမှာတော့ ဗြိတိန်တော်ဝင်စုံတွဲအဆက်ဆက်လက်ထပ်ခဲ့တဲ့ကမ္ဘာကျော် ဘုရားကျောင်းကြီးမှာ မင်းစိုးရာဇာအစုံအလင်နဲ့ ခမ်းနားကြီးကျယ်စွာကျင်းပတာနဲ့ အညီ Meghan ရဲ့ ဝတ်စုံဟာလည်း ခန့်ညားထည်ဝါနေပါတယ်။ ပိုးဗြောင်သားဂါဝန်ကို ဘာနဲ့မှတန်ဆာဆင်ထားခြင်းမရှိလို့အချို့ကရိုးလွန်းတယ်လို့ ဆိုကြပေမယ့် တော်ဝင်မိသားစုရဲ့တရားဝင် Twitter Page မှာတော့ Meghan ရဲ့ဝတ်စုံဟာ ရိုးရှင်းပေမယ့် ထာဝရလှပနေမယ့်ဝတ်စုံပါလို့ ရေးသားခဲ့သလို့ ဒီဝတ်စုံကို Elizabeth ဘုရင်မကြီးကိုယ်တိုင် ခွင့်ပြုခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီမင်္ဂလာဝတ်စုံရဲ့ ဖန်တီးရှင်ကတော့ ပြင်သစ်ဖက်ရှင် Givenchy ရဲ့ ဗြိတိန်လူမျိုးဒီဇိုင်နာ Clare Waight Keller ရဲ့ ဖန်တီးချုပ်လုပ်မှုဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာဇာခေါင်းဖုံးဟာ 5 Meter ရှည်လျာပြီး ဇာခေါင်းဖုံးမှာ ပါဝင်တဲ့ ပန်းတွေက ဓနသဟယနိုင်ငံတွေကို ကိုယ်စားပြုပါတယ်။ သတို့သမီးဝတ်ဆင်ထားတဲ့ သရဖူလေးကတော့ Mary မိဘုရားကြီးပိုင်ဆိုင်ခဲ့တဲ့ ရတနာသရဖူဖြစ်တယ်လို့ ထုတ်ပြန်မှုတွေအရသိရပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *