ဆယ်နှစ်လောက်ပိုငယ်သွားစေမယ့် အဝတ်အစားရွေးချယ်နည်း

January 10, 2019

“နုပြီးလှနေတာပဲ” ဆိုတဲ့ စကားဟာဆိုရင် မိန်းကလေးတိုင်း ကြားချင်တဲ့ စကားလေးတစ်ခွန်းပါ။ အထူးသဖြင့် ရှိရင်းစွဲထက် ပိုငယ်ချင်ကြပါတယ်။ နုပျိုပြီး ငယ်ရွယ်စေတဲ့ လျှို့ဝှက်ချက်ထဲမှာ အဝတ်အစားရွေးချယ်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာက ငယ်ရွယ်နုပျိုတာကို ပိုင်ဆိုင်စေနိုင်တဲ့အပြင် အသက်အရွယ်နဲ့ အသားအရေကိုပါ အဝတ်အစားက ဖုံးအုပ်ပေးထားတာကြောင့်ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ငယ်ရွယ်နုပျိုခြင်းတွေ ပိုင်ဆိုင်ချင်ကြတာကြောင့် ခွဲစိတ်ပြုပြင်ကြတာတွေ ဆေးထိုးတာတွေပါ ပြုလုပ်လာပါတယ်။ ဒီလိုပြုလုပ်တဲ့အခါ ငွေကြေးကုန်ကျစရိတ်အလွန်များပြီး အသက်ရွယ်၊ စိတ်ဖိစီးမှုနဲ့ နေလောင်ဒဏ်တွေက အိုမင်းရင့်ရော်တာကို ကြုံတွေ့စေပါတယ်။ ဒီထဲမှာမှ ငွေကျအကုန်ကျနည်းပြီး ပိုပြီးလွယ်ကူစေတာကတော့ အဝတ်အစားကို စနစ်တကျ ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် ငယ်ရွယ်နုပျိုခြင်းကို ပိုင်ဆိုင်အောင် ပြုလုပ်နိုင်ဖို့ဘဲ ဖြစ်ပါတယ်။

(၁) လက်ဝတ်ရတနာ၊ အိတ် ၊ ဦးထုပ် နဲ့ မျက်မှန်

လက်ဝတ်ရတနာတွေဟာ အဝတ်စားတွေကို ပိုမိုထင်ပေါ်စေပြီး ငယ်ရွယ်တဲ့ပုံကိုပါ ပေါ်လွင်စေပါတယ်။ ရိုးရိုးရှင်းရှင်းဝတ်စုံလေးကို ဝတ်ဆင်ထားတယ်ဆိုရင်တော့ ဆွဲကြိုးပါးပါးလေးဝတ်ထားလိုက်တာက ပိုမိုတင့်တယ်စေပါတယ်။ အခုနောက်ပိုင်း အသုံးများလာတဲ့ Belt bag အိတ်လေးတွေကလည်း လူငယ်ဆန်စေပါတယ်။ တီရှပ်နဲ့ ဂျင်းဘောင်းဘီဝတ်ပြီး မကြာခဏ အပြင်ထွက်တတ်တယ်ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ Belt bag လေးတွေကို ဝတ်ဆင်တာက ပိုမိုနုပျိုစေပါတယ်။ နောက်တခုက အပြင်ထွက်တဲ့အခါ ဦးထုပ်ဆောင်းတာ၊ မျက်မှန်တပ်တာတွေကလည်း အသက်အရွယ်ကို မေ့သွားစေပါတယ်။

(၂) အရောင်

အဝတ်အစားရွေးချယ်တဲ့အခါ အရောင်ကို သတိထားပါ။ အပေါ်အောက် တစ်ရောင်ထဲ ဝတ်စုံလေးတွေကို ရွေးချယ်ဝတ်ဆင်ပေးတာက ငယ်ရွယ်နုပျိုတဲ့ပုံစံကို ပိုပြီးပေါ်လွင်စေပါတယ်။ ငယ်ရွယ်ပြီး နုပျိုသွားစေတဲ့ အရောင်တွေကို ရွေးချယ်ခြင်းဖြင့်လည်း နုပျိုမှုကိုရရှိနိုင်ပါတယ်။

(၃) စတိုင်အမျိုးမျိုး

ပုံစံတစ်မျိုးတည်းကိုပဲ ခဏခဏ ဝတ်နေမယ့်အစား မတူညီတဲ့ စတိုင်ပုံစံအမျိုးမျိုးကို မကြာခဏ ပြောင်းလဲဝတ်ဆင်ပေးသင့်ပါတယ်။ စတိုင်အမျိုးမျိုး မကြာခဏ ပြောင်းလဲပေးတာက အများအမြင်မှာ ငယ်ရွယ်နေတဲ့ပုံစံ ဖြစ်နေလို့ပါ။

(၄) အရောင်တောက်တောက်

အဝတ်အစားအရောင်ရွေးချယ်တဲ့အခါ အရောင်တောက်တောက်တွေကို ဦးစားပေးဝတ်ဆင်ခြင်းဖြင့် ငယ်ရွယ်ပြီး ထက်မြတ်တဲ့ မိန်းကလေးအသွင်ကို ပေါ်လွင်စေပါတယ်။ အပွင့်တွေနဲ့ အရောင်အနုတွေက အသက်အရွယ်ကြီးတာကို ပိုပြီးထင်ရှားစေတဲ့အတွက် သတိထားသင့်ပါတယ်နော်။

(၅) ဂျင်း

ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီတွေက လူငယ်တစ်ယောက်အဖြစ် ကိုယ်စားပြုပါတယ်။ အရောင်ရင့်တဲ့ ဂျင်းအမျိုးအစား အထူးသဖြင့် အပြာရောင်၊ အနက်ရောင်နဲ့ မီးခိုးရောင်ကို ရွေးချယ်ပေးပါ။ ဂျင်းဘောင်းဘီတွေဟာဆိုရင် ခန္ဓာကိုယ်အလှပေါ်လွင်စေပြီး စမတ်ကျကျ ဖြစ်နေစေပါတယ်။ ငယ်ရွယ်နုပျိုချင်တယ်ဆိုရင်တော့ လူငယ်ဆန်ဆန် ဂျင်းလေးတွေကို ဝတ်ဆင်ပေးခြင်းဖြင့်လည်း ထိရောက်နိုင်ပါတယ်။

အိုမင်းရင့်ရော်တာကို ဖုံးကွယ်ဖို့နဲ့ ငယ်ရွယ်နုပျိုတဲ့အသွင်ကိုရစေဖို့ အဝတ်အစားတွေအပြင် ယောဂကျင့်တာ၊ gym ဆော့တာ၊ အစားအသောက်ဂရုစိုက်တာ၊ အသားအရေ ထိန်းသိမ်းရေးပုံမှန်ပြုလုပ်တာနဲ့ ရေများများသောက်ပေးတာတွေကိုလည်း မဖြစ်မနေ ပြုလုပ်ပေးဖို့ ပျိုမေတို့အားလုံးကို တိုက်တွန်းလိုက်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *