စူပါမော်ဒယ်လ် Gigi Hadid ရဲ့ အေးစက်စပြုနေပြီဆိုတဲ့ အချစ်ရေး

January 9, 2019

တချို့သော စုံတွဲတွေဟာ စိတ်အဆင် မပြေနိုင်တဲ့အခါ ပြတ်စဲလိုက်ကြ၊ ဒါပေမဲ့ မပြတ်နိုင်တဲ့ အခါကျပြန်တော့လည်း ပြန်တွဲလိုက်ကြနဲ့ လုပ်တတ်ကြပါတယ်။ အဲဒီလို မတည်ငြိမ်တဲ့ အချစ်ရေးတွေကို ဖန်တီးတတ်ကြတဲ့ နာမည်ကျော် စုံတွဲတွေထဲမှာ စူပါမော်ဒယ် တစ်ယောက်ဖြစ်တဲ့ Gigi Hadid နဲ့ အဆိုတော် Zyan Malik တို့စုံတွဲဟာလည်း အပါအဝင်ပါ။

ဟုတ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် Gigi ဟာ One Direction အဖွဲ့က အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ အဆိုတော် Zayn နဲ့ ၂၀၁၅ ခုနှစ်ကုန်ခါနီးမှာ စတွဲခဲ့ကြတာပါ။ အဲဒီနောက်… Gigi ဟာ Zayn ရဲ့ Pillowtalk သီချင်း MV ထဲမှာတောင် ၀င်ပြီး သရုပ်ဆောင်ခဲ့သေးသလို၊ ၂၀၁၇ သြဂုတ်လထုတ် နာမည်ကျော် Vogue မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာပါ သူမရဲ့ချစ်သူနဲ့ စုံတွဲဓာတ်ပုံ ပါလာခဲ့သေးပါတယ်။

View this post on Instagram

missing mine 😊

A post shared by Gigi Hadid (@gigihadid) on

ဒါပေမဲ့ ချစ်သူသက်တမ်း နှစ်နှစ်လောက် ဖြစ်လာတဲ့ ၂၀၁၈ မတ်လ ၁၃ ရက်နေ့မှာတော့ Gigi ဟာ Zayn နဲ့ ပြတ်စဲသွားပါပြီဆိုတဲ့ သတင်းတွေက သူတို့နှစ်ယောက်စလုံးဆီကနေပြီး တရားဝင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက် လပိုင်းပဲကြာတဲ့ ဇွန်လထဲမှာပဲ သူတို့နှစ်ယောက်ဟာ မပြတ်နိုင်ကြဘဲ ပြန်တွဲခဲ့ကြပါတယ်။ အဲဒီအကြောင်းကိုလည်း မီဒီယာတွေ အားလုံးသိအောင် လူသိရှင်ကြား ကြေညာခဲ့တာကို တွေ့လိုက်ရပါသေးတယ်။

အခုတော့ ဒီ ၂၀၁၉ နှစ်ဦးပိုင်းအစမှာ Gigi နဲ့ Zayn တို့ရဲ့ ချစ်ဇာတ်လမ်း သတင်းဆိုးတစ်ခုကို စိတ်မကောင်းစရာအဖြစ် ကြားနေရပြန်ပါပြီ။ အဲဒါက ဘာလဲဆိုတော့ စူပါမော်ဒယ်မလေးနဲ့ သူမ ချစ်သူတို့ရဲ့ အချစ်ရေးဟာ ဟိုးအရင်ကလို မဟုတ်တော့ဘဲ အရမ်းတွေ အေးစက်သွားခဲ့ပြီဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

အတွင်းစကားတွေအရ… အသက် ၂၅ နှစ်အရွယ် Zayn ဟာ ၂၀၁၈ နိုဝင်ဘာလ မတိုင်ခင်ကတည်းက Gigi နဲ့အတူ ရှိမနေတော့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ Zayn ဟာ နိုဝင်ဘာလထဲမှာ Gigi ၀င်လျှောက်ခဲ့တဲ့ Victoria’s Secret Fashion Show ပွဲကြီးကိုလည်း တခြားမော်ဒယ်မလေးတွေရဲ့ ချစ်သူတွေလို လာရောက်အားပေးခဲ့တာ မရှိပါဘူးတဲ့။ Gigi ကိုယ်တိုင်ကလည်း ရှိုးပွဲပြီးတဲ့နောက်မှာ အားလပ်ရက်တွေ အများကြီး ရခဲ့ပေမယ့် Zayn နဲ့တွေ့ဖို့ မကြိုးစားဘဲ Yolanda Hadid ရဲ့ ခြံဝန်းထဲမှာပဲ မိသားစုနဲ့အတူ အချိန်ဖြုန်းနေခဲ့တယ်လို့ သိရပါသေးတယ်။

View this post on Instagram

Tonight 10/9c on ABC !!!!!!!!!!

A post shared by Gigi Hadid (@gigihadid) on

အဲဒါတွေတွင် မကပြန်ပါဘူး။ Gigi နဲ့ Zayn တို့နှစ်ယောက်စလုံးဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အရင်ကထက်ပိုပြီး သီးသန့်ဆန်လာပုံ ရလာကြပြီး၊ တစ်ယောက်နဲ့ တစ်ယောက် ခွဲနေကြဖို့နဲ့ ကိုယ့်လမ်းကြောင်းမှာ ကိုယ်အောင်မြင်အောင် လုပ်ကြဖို့အတွက်ပဲ အာရုံရှိနေခဲ့ကြတယ်လို့လည်း သိရပြန်ပါသေးတယ်။

နောက်ပြီး… Gigi ရဲ့ Instagram ပေါ်မှာ အောက်တိုဘာ ၂၁ ရက်နေ့က Zayn နဲ့ စုံတွဲပုံလေးတစ်ပုံကို နောက်ဆုံးအဖြစ် တင်ထားတာ တွေ့ရပြီး၊ အဲဒီနောက်ပိုင်းမှာ နောက်ထပ် စုံတွဲပုံတွေ တင်တာကို မတွေ့ရတော့တာပါပဲ။ ၂၀၁၈ ဇူလိုင်လထုတ် GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးထဲမှာ “ကျွန်တော်တို့နှစ်ယောက်လုံးက အသက်လေးတွေရလာတော့ ရင့်ကျက်နေကြပါပြီ” လို့ Zayn က ဖြေခဲ့ဖူးပေမယ့် ရင့်ကျက်တာနဲ့ အေးစက်တာက မတူဘူးလို့လည်း ပရိသတ်တွေက ဝေဖန်နေကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အခုလို အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကာယကံရှင်တွေဖြစ်ကြတဲ့ Gigi နဲ့ Zayn တို့ကတော့ ပရိသတ်တွေကို ဘာကိုမှ တရားဝင် အသိမပေးကြသေးဘူးလို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့မရနိုင်ဘူးဆိုတဲ့ စကားပုံလေးအတိုင်းပေါ့။ အသွားအလာ အဆက်အဆံ သိပ်မရှိတော့တဲ့ Gigi နဲ့ Zayn တို့ရဲ့ အေးစက်စက် အချစ်ရေးက ဒီနှစ်သစ်ထဲမှာ အလားအလာ သိပ်မကောင်းတာမို့ ရှေ့ဆက် ဘယ်လိုတွေ ထူးခြားလာဦးမလဲဆိုတာကို ပရိသတ်တွေဘက်က စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာကတော့ အမှန်ပါဘဲ။ ။

Leave a Reply:

Your email address will not be published. Required fields are marked *